ကုန်ရှုံးတစ်ခေါက်၊ လင်ကုန်ရှုံး တစ်သက်လုံးမှောက်၊ ဆရာရှုံးလျှင် တစ်သံသရာလုံးမှောက်သည်

ကုန်သွယ်သူသည် ကုန်စည်အမျိုးအစားနှင့် ပေါက်ဈေးအတွက် အချက်မှားလျှင် ဖြစ်စေ၊ အခြေအနေအရ စရိတ်ပိုမို ကုန်ကျခြင်း၊ ဈေးကျခြင်း၊ ကုန်စည်ပျက်စီးခြင်း စသည် တို့ကြောင့်ဖြစ်စေ အရှုံးပေါ်လျှင် တစ်ခေါက်အတွက်သာ ရှုံးပေမည်။ နောက် တစ်ခေါက်တွင် မြတ်ကောင်း မြတ်နိုင်စရာရှိသည်။

အိမ်ထောင်ပြုရာတွင် ကောင်းမွန်စွာ အသက်မွေးဝမ်းကျောင်းပြု၍ လုပ်ကိုင် ကျွေး မွေးသော အိမ်ရှင်လင်ယောက်ျားမျိုးကို မရဘဲ အလုပ်အကိုင် မလုပ်ချင် ပျင်းရိညံ့ဖျင်းရုံသာ မက မကောင်းမှုများဖြင့် သုံးဖြုန်းကာ နှိပ်စက်ရိုက်နှက်တတ်သော လင်ဆိုးနှင့်ကြုံရမည် ဆိုလျှင်မူကား တစ်သက်တာလုံးအတွက်မှောက်မှားခြင်းဖြစ်၍ ပြုပြင်ရန် ခက်ခဲစေတော့သည်။

ထိုမှတစ်ပါး တရားစစ်တရားမှန်ကို ညွှန်ပြနိုင်မည် အထင်ဖြင့် ဆရာအမှတ်ပြု ကာ ဆည်းကပ်နည်းခံရာတွင် ဆရာကောင်း ဆရာမြတ်မဟုတ်ဘဲ တရားစစ် တရားမှန် မသိဘဲ အကျင့်အယူ မှားယွင်းစွာ ဟောပြောညွှန်ပြခြင်းခံရပါမူ သံသရာမှ ထွက်မြောက် နိုင်ခြင်းမရှိဘဲ  သံသရာဘ၀ ရှည်လျား သံသရာဘ၀အဆက်ဆက် မှောက်မှားစရာသာ ဖြစ်ချေမည်ဟုဆိုလို သည်။

မှားယွင်းနစ်နာမှုသည် အကြောင်းကိစ္စလိုက်၍ ဆုံးရှုံးမှုသေးငယ်သောအရာ လည်း ရှိသည်။ ကြီးမားသော အရာလည်း ရှိသည်။ အနည်းအပါး ဆုံးရှုံးမှုမှာ မထောင်း သာသော်လည်း ကြီးမားသော ဘ၀တစ်လျှောက်လုံးအတွက် ထိခိုက်နိုင်သဖြင့် ဆုံးရှုံး ရမည့်  အကျိုးအပြစ် ပမာဏကို ချင့်ချိန်တွက်ဆ၍ ဆုံးရှုံးနစ်နာမှုမရှိအောင် သတိချပ် ကြစေရန် ပုံခိုင်းသုံးနှုန်းသည်။

3 Comments

  1. Komin says:

    ပေါက်ဈေးအတွက် အချက်မှားလျှင် .. နေရာမှာ .. ပေါက်ဈေး အတွက်အချက်မှားလျှင် လို့ Space ဖြတ်ရင်ပိုကောင်းမယ်ထင်ပါတယ် ..

    ကြီးမားသော ဘ၀တစ်လျှောက်လုံးအတွက် ထိခိုက်နိုင်သဖြင့် .. နေရာမှာ .. ကြီးမားသော် ဘ၀တစ်လျှောက်လုံးအတွက် ထိခိုက်နိုင်သဖြင့် .. လို့ပြင်သင့်ပါတယ် ..

    ဖတ်ရတာတစ်မျိုးဖြစ်နေလို့ပါ ..

  2. mnaing says:

    ကကြီး အုပ်စုမှာဖြည့်ရန်- ကျားကျား မီးယပ်ဘဲ

Any suggestions? Please leave it here