About

ခေတ်ကာလပြောင်းလဲလာသည်နှင့်အမျှ မြန်မာစကားပုံများ တဖြည်းဖြည်း မတိမ်ကောသွားစေရန် နှင့် နည်းပညာယဉ်ကျေးမှု တိုးတက်လာသည် နှင့်အမျှ အင်တာနက်တွင် အလွယ်တစ်ကူရှာဖွေ ဖတ်ရှု့ မှတ်သားနိုင်ရန် ရည်ရွယ်၍ ဆရာကြီးလှသမိန်၏  မြန်မာစကားပုံ – အဓိပ္ပာယ်နှင့် သုံးနည်းစာအုပ် ကို Wiki အနေဖြင့် ပြန်လည် ပြောင်းလဲထားခြင်းဖြစ်ပါသည်။

ဤ ၀ဘ်ဆိုဒ်သည် အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံ၍သော်လည်းကောင်း ၊ တစ်စုံတစ်ရာ ရယူ၍သော်လည်းကောင်း တည်ထောင် ထားခြင်းမဟုတ်ပါ။ ထို့ကြောင့် ဤ၀ဘ်ဆိုဒ်မှ မြန်မာစကားပုံများအား ကူးယူ၍  စီးပွားရေးအရ ပြန်လည်အသုံးပြုခွင့်မရှိပါ။ စီးပွားရေးအရ ပြန်လည်ကူးယူ၍ အသုံးချလိုပါက ဆရာကြီး လှသမိန် (သို့) ထုတ်လုပ်သူအား တိုက်ရိုက်ဆက်သွယ်၍ ပြုလုပ်ကြပါရန် တောင်းဆိုအပ်ပါသည်။ တစ်စုံတစ်ခုနှင့် ငြိစွန်း၍ ပြဿနာ တစ်စုံတစ်ရာတက်ခဲ့လျှင် ဤ ၀ဘ်ဆိုဒ်မှနေ၍ ကိုင်တွယ်ဖြေရှင်းပေး မည်မဟုတ်ပါ။

စာအုပ်ထဲမှ ဆရာကြီးလှသမိန်၏ စကားချီးအား မူရင်းအတိုင်းပြန်လည်၍ ဖေါ်ပြပေးလိုက်ပါသည်။

စကားချီး

မြန်မာတိုင်းရင်းသားတို့သည် စကားပြောဆိုရာတွင် စကားပုံ ၊ ဥပမာ ၊ ဥပစာများကို ဖောဖောသီသီ သုံးစွဲသော အလေ့ရှိကြသည်။ ထိုသို့သော စကားပုံ ၊ ဥပမာ ၊ ဥပစာများကို သုံးနှုန်းခြင်းသည် တိုးတက်လာခဲ့သော ယဉ်ကျေးမှုတစ်ရပ်ဖြစ်၍ အလင်္ကာပညာသဘော သို့လည်း သက်ရောက်ပေသည်။ ထိုစကားပုံများ၊ ဥပမာ၊ ဥပစာများ တွင် တွေးခေါ်ယူဆ၊ စိတ်ကူးဖြန့်ချဲ့ပုံ၊ နှိုင်းယှဉ်၊ ချိန်ဆပုံ စသော လူမျိုးတို့၏ စဉ်းစားဝေဖန်တတ်သော အရည်အသွေးသည် မြဲမြဲထင်ထင် စွဲဝင် အခြေခံလျက် ရှိပေသည်။ စကားပုံများ၊ ဥပမာ၊ ဥပစာများကို ထောက်ဆ၍ လူမျိုး၏ ဉာဏ်ရွှင်မှု၊ ရင့်ကျက်မှု၊ အတွေးအယူ ကျယ်ပြန့်မှုတို့ကို အကိုးအကား နှိုင်းဆနိုင်လေသည်။

မြန်မာစကားပုံများသည် အကြောင်းအရာ ကိစ္စအထွေထွေ၌ ထိထိရောက်ရောက် ဟပ်စပ်အောင် သုံးစွဲနိုင်ရန် အလုံအလောက်ပင် ရှိပေသည်။ သို့ရာတွင် အချို့သောစကားပုံများသည် အသုံးနည်း၍ အသုံးရှိခဲ့သည်ဟုပင် သတိမထားမိအောင်ရှိသည်။ အချိုကစကားပုံများလည်း နှစ်ပရိစ္ဆေဒ ကြာမြင့်ခဲ့၍ အသိခက်၊ အဓိပ္ပာယ်ကွယ်ဝှက် ၍ နေလေသည်။ အချို့စကားပုံများလည်း တစ်ဆင့်ကြားဖြင့် သုံးနှုန်း လာခဲ့ကြ၍ တိမ်းယိမ်းလာသည်။ အချို့စကားပုံများလည်း တိမ်ကောလုနီးနီးရှိလာသည်။

အချို့စကားပုံများကိုလည်း အခြေအနေ၊ အကြောင်းအရာအဖြစ်သနစ်ကိုလို၍ အသစ်ဖြည့်တင်း ဖွဲ့စပ် ဖန်တီးလာခဲ့ကြရသည်။

ယင်းသို့သောအခြေအနေတွင်

၁။ စကားပုံများကို ကြွယ်ကြွယ်၀၀ သိရှိထားစေရန်။

၂။ စကားပုံများ၏ အနက်နှင့် အဓိပ္ပာယ်သဘောရောက်ပုံကို တိတိကျကျ သိနားလည်ရန်။

၃။ စကားပုံများကို အဆီလျှော်ဆုံး အံဝင်ဂွင်ကျ သုံးစွဲတတ်ရန်။

၎။ စကားပုံများကို လိုအပ်သလို အသစ်ဖြည့်သွင်းနိုင်ရန်။

ဟူသော လိုအပ်ချက်များသည် ဖြည့်တင်း စကောင်းသော လိုအပ်ချက်များပင် ဖြစ်နေလေသည်။ ထိုလိုအပ်ချက်ကို ဖြည့်တင်းနိုင်ရန်အတွက် သာမန်အားဖြင့် စကားပုံများကို စုဆောင်းးတင်ပြရုံသာမက စကားပုံများ၏ သဘောအဓိပ္ပာယ် အရင်းအမြစ်နှင့် အသုံးကို ဖွင့်ဆိုဖော်ပြသင့်သည်ဟု ယူဆမိပေသည်။ ထိုအယူအဆကို အခြေခံ၍ မြန်မာစကားပုံများစွာအနက်မှ အသုံးတွင်၍ အဓိပ္ပာယ်ဖွင့်ရန် လိုအပ်သော စကားပုံများကို သီးသီးသန့်သန့် ရွေးစစ်ပြီးနောက် ထောက်ဆမိသမျှ အရင်းအမြစ် အဓိပ္ပာယ်တို့ကို ဖွင့်ပြလျက် “မြန်မာစကားပုံ အဓိပ္ပာယ်နှင့် သုံးနည်း” ကိုရေးသားပြုစုလိုက်ရပေသည်။ အချို့စကားပုံများနှင့်ပက်သက်၍ ဒေသအလျောက် အကွဲအလွဲ ကောက်ယူခြင်းများရှိခဲ့သော နှိုင်းယှဉ် ဖြည့်စွက်၍ ယုတ္ထိအားလျော်စွာ ကောက်ယူကြရန်သာ ဖြစ်ပေသည်။

လှသမိန်